Wednesday, January 9, 2008

အဲဒိနေ့က … သူမ … ကျနော် .. ဘာဖြစ်လို့ … (၁)

ဘ၀မှာ ပထမဦးဆုံးရေးဖူးတဲ့ … မတောက်တစ်ခေါက်နဲ့ ရေးထားတဲ့ ခပ်ကြောင်ကြောင်အချစ်ဇာတ်လမ်းလေးပါ။ အားပေးကြနော်.. ဟီး


အဲဒိနေ့က …

နောက်နေ့ ပေးရမယ့် အလုပ်အတွက် ကျနော် ခေါင်းရှုပ်နေတယ်ဗျာ … ရုံးဆင်းချိန်ဆိုတော့ ကားတွေကလဲ အရမ်းကြပ်ပြီး ရှုပ်နေတယ်။ ဒီတော့ လူရှင်းလောက်မယ် ထင်တဲ့အထိ ၄၅ မိနစ်လောက် စောင့်ပြီးမှ လာတဲ့ ကားပေါ်တက်လာလိုက်တယ်။ သိပ် မထူးခြားပါဘူး။ ကားပေါ်က ဆူညံရှုပ်ထွေးနေတဲ့ လူတွေကြားထဲ ကျနော် ခေါင်းတွေကိုက်လာတယ်။ အိပ်ထဲက MP3 player ကိုထုတ်၊ Linkinpark ရဲ့ သီချင်းကို အကျယ်ကြီးဖွင့် နားထောင်ပြီး ပါတ်ဝန်းကျင်နဲ့ စည်းခြားထားလိုက်တယ်။ ပုံမှန်ဆို ကြည့်မြင်တိုင်ဘက် သွားမယ့် ကားက လှည်းတန်းဒီဖက်ထိပ်မှာ သိပ်ကြာကြာရပ်လေ့ မရှိဘူးလေ။ ဥချင်ရင် ဟိုဖက် ဈေးဖက်မှာသာ ကြာကြာ စောင့်တက်တာ။ ခု ဘာဖြစ်လို့ ဒီလောက်ကြာနေရတာလဲ ….

နားထဲက နားကြပ်ကို ဖြုတ်လိုက်တယ်။ ကားပေါ်က လူတွေရဲ့ တစ်ယောက်တစ်ပေါက် ပြောဆိုနေသံတွေကြားမှာ ကားစပယ်ယာရဲ့ “မြေနီကုန်း … ဆူးလေ … မြေနီကုန်း … ဆူးလေ …” ဆိုတဲ့ အသံက ကျနော့ နားကို ပြေးစောင့်တယ်။ ဟာ … ငါ မြို့ထဲသွားမှာမှ မဟုတ်တာ။ ကားမှားပြီဟ !!

ဂမန်းကတန်း ကားပေါ်က ပြေးဆင်း၊ ထပ်မမှားအောင် လှည်းတန်းဈေးဖက်ကပဲ သွားစီးတော့မယ့်လို့ ဆုံးဖြတ်၊ နားကြပ်ပြန်တပ်ပြီး ဦးထွန်းလင်းခြံလမ်းဖက် ဦးတည် လမ်းလျှောက်လာလိုက်တယ်။

သူမ …

ကျနော့် ရှေ့မှာ ကောင်မလေးတစ်ယောက် လမ်းလျှောက်နေတယ်။ မှတ်မှတ်ရရပဲ။ အနီရောင် ဆွယ်တာလေးဝတ်ထားတယ်။ လက်စကလေးနဲ့။ ဂျင်းဘောင်းဘီ 3 Quarter လေးနဲ့။ အနက်ရောင် Giodano ကျောပိုးအိပ်မှာ Avril Lavigne အ၀ိုင်းပြားလေးတစ်ခု ချိတ်ထားတယ်။ လှည်းတန်းလို နေရာမျိုးမှာ သူမရဲ့ အလှက ကျနော့ကို ထူးထူးခြားခြား မဖြစ်စေခဲ့ပါဘူး။

သူလဲ ဦးထွန်းလင်း ခြံလမ်းဖက်ကို ကွေ့ဝင်သွားတယ်။

မိန်းခလေးတစ်ယောက်အနောက်က လျှောက်နေရတာ စိတ်မသန့်တာနဲ့ ကျော်တက်ဖို့ ကြိုးစားရင်း ခြေလှမ်းကို အရှိန်မြှင့်လိုက်တယ်။

သူ့ခြေလှမ်းတွေလည်း ပိုသွက်လာတယ်။ ကျနော် ထက်မြန်လိုက်တယ်။ သူမလဲ အရှိန်တင်လိုက်တယ်။ လူတွေကြားထဲ တိုးဝှေ့ရင်း။ အင်း .. ဒုက္ခပဲ။

လှည်းတန်းဈေးထဲ ရောက်လာတယ်။

လမ်းလျှောက်ပြိုင်နေကြသူ နှစ်ယောက်…

ကွေ့တစ်ခုရောက်တော့ ရှေ့က လာနေသူတွေကြားထဲ အတင်းတိုးဝင်ရင်း သူမကို ကျော်တက်လိုက်တယ်။

(ဟားဟား … ဘယ်ရမလဲ .. ငါကွ.. )

ဟော .. ရှေ့မှာ ၄၃ ကားတောင် အဆင်သင့် ရောက်နေပါရောလား ..

ကားပေါ်တက်ပြီး နေရာယူလိုက်တယ်။ မှတ်တိုင်မကျော်သွားရအောင် နားကြပ်ကို တစ်ဖက် ချွတ်လိုက်တယ်။

“ကြည့်မြင်တိုင် … ညဈေး … တစ်ယောက်”

အလုပ်ကိစ္စက ခေါင်းထဲပြန်ရောက်လာတယ်။ အင်း … ဘယ်လို လုပ်ရပ…

ကျနော်

ကားစပယ်ယာ ရဲ့ ညင်ညင်သာသာ တွန်းတိုက်ချက်ကြောင့် ရှေ့ဖက်ကို ဟန်ချက်ပျက်သွားတယ်။

“ဘာလဲဟ”

ဒီတော့မှ ဘေးနားက မျက်မှောင်ကျံ့နေတဲ့ကောင်မလေးတစ်ယောက်ကို သတိထားမိသွားတယ်။
ဟင် … အနီရောင်၊ ဆွယ်တာ၊ Giodano၊ Jean၊
အို … သူမပါလား။

“စိတ်ညစ်ပါတယ်နော် ” ဆိုတဲ့ အကြည့်နဲ့ ကျနော့်ကို ကြည့်တယ်။
ကျနော် ခပ်ယဲ့ယဲ့လေးသာ ပြုံးပြလိုက်နိုင်တယ်။
“အင်း ဟုတ်တယ်”

သူမ ပြန်ပြုံးပြတယ် …



Linkinpark သီချင်းသံတွေ တိတ်သွားတယ်။ ယိုင်ထိုးနေတဲ့ ကားက ညိမ်သွားတယ်။ ဆူညံနေတဲ့ ကားပေါ်ကလူတွေ မရှိတော့ဘူး။
ကျနော် … လေထဲမြောက်နေသလိုခံစားရတယ် … ရင်ထဲမှာ တလှပ်လှပ်နဲ့။

“အိုး …. လှလိုက်တဲ့ အပြုံးလေးပါလား”


“ညဈေးပါလား? ညဈေးပါလား? ပြောနေတုန်း နားထောင်ကြနော် … နောက်မှ လာပြောရင် ရပ်မပေးဘူး”

ဟင် မြန်လိုက်တာ …
ဆင်းရမှာလား …
ဆက်လိုက်သွားရမှာလား …
သူမ များတစ်မျိုးထင်သွားမလား …

တံခါးပေါက်နားမှာ ရပ်လိုက်တယ်။ နောက်ကို တစ်ချက်လှည့်ကြည့်မိတယ်။ အပြုံးလေးများ ထပ်မြင်ရဦးမလား …

အနီရောင်၊ Giodano, Jean, Avril Lavigne…

ဘာဖြစ်လို့…

ဘာဖြစ်လို့…
ဘာဖြစ်လို့…
ဘာဖြစ်လို့…


(ဆက်ပါဦးမည်)

2 comments:

Pinkgold said...

ဝေး ဇတ်လမ်းလေး မြန်မြန် ဆက်ပါဗျို့ ချောင့်ဖတ်နေတယ်နော

poepoe said...

နောက်၁ပိုင်းကိုရေးပါတော့ဗျာ
စောင့်ရတာသစ် ကုလာအုပ်ဖြစ်တော့မယ်
အဲကောင် မခေးနဲ့ မြန်မြန်တွေ့ ပါစေ
ဒါမှမြန်မြန် ဖတ်ရမှာဟီဟိး