Wednesday, January 2, 2008

ရောက်တက်ရာရာ ခရီးသွားမှတ်တမ်း အပိုင်းအစလေးများ (၁) [ပုဂံ၊ ညောင်ဦး]


ထူးထူးဆန်းဆန်း ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး။ နက်ဖြန်ခါ ကျိုက်ထီးရိုးကို ခရီးသွားမယ်ဆိုတော့ ခရီးစဉ်အကြောင်း blog လေးရေးမယ်လို့ စဉ်းစားဖြစ်ပါတယ်။ ဒီလိုနဲ့ အရင်က သွားဖြစ်ခဲ့တဲ့

ဟိုးအရင် ၂၀၀၆ ခုနှစ် ၈ လပိုင်းလောက်က ကျနော် အလုပ်ကိစ္စနဲ့ မန္တလေးတိုင်းက ခရိုင်မြို့တွေအားလုံး နီးပါးကို သွားဖြစ်ခဲ့ပါတယ်။ အလုပ်လဲဖြစ် ဒေသံဒယ ဗဟုသုတလဲ ရရင်းပေါ့လေ။ နဂိုထဲက ကျနော်က ခရီးသွားရတာကို အရမ်းကြိုက်ပါတယ်။ အသက် ၂၃ နှစ်မတိုင်ခင်အထိ ကျနော် ရန်ကုန် ကလွဲရင် ရောက်ဖူးတဲ့ နယ်မြို့တွေက လက်တဖက်တောင် မရှိပါဘူး။ အဲဒိ အလုပ်ရောက်မှပဲ ခဏခဏ ခရီးထွက်ဖြစ်ခဲ့တာပါ။ အကြိမ်ရေအများဆုံးကတော့ IT Company တွေရဲ့ ထုံးစံအတိုင်း နေပြည်တော် ရွှေမြို့တော်ကြီးပဲပေါ့။ တလကို အနဲဆုံး ၁ ခေါက်လောက်ကို ရောက်ဖြစ်ခဲ့တာပါ။

အဲ .. ခုဏက စကားကို ပြန်ဆက်ရရင် ကျနော် မန်းလေးတိုင်းကို ခရီးသွားရမယ်ဆိုတော့ စိတ်အလှုပ်ရှားဆုံးက ညောင်ဦးခရိုင် ပါလာတာပါပဲ။ ညောင်ဦးရောက်ရင် ပုဂံကို ရောက်ပြီပေါ့။ ကျနော့ ဘ၀မှာ အသွားချင်ဆုံး နေရာတစ်ခုပေါ့။ မြန်မာမှန်ရင် ပုဂံကို ရောက်ဖူးရမယ် ဆိုတဲ့ ဆိုစကားကလဲ ရှိတယ်မှတ်လား။ ဒီလိုနဲ့ အခက်အခဲတွေ ကြားထဲကပဲ ညောင်ဦးကို ရထားတတန်၊ ကားတတန်နဲ့ ရောက်သွားရော ဆိုပါတော့ဗျာ။ ရောက်စ ၃ ရက်လောက်ကို အလုပ်တွေပဲ ဖိလုပ်ဖြစ်ခဲ့တယ်။ ညဖက်မှသာ နီးနီးနားနား မှာ ရှိတဲ့ ရွှေစည်းခုံ ဘုရားကို ရောက်ဖြစ်ပါတယ်။ ကျနော်နဲ့ အတူသွားတဲ့ ကြေးတိုင်နဲ့ မြေစာရင်းဌာနက အရာရှိက စာပေကို အရမ်း နှံစပ်တာဗျ၊ သမိုင်းကိုလဲ သေခြာလေ့လာတယ်၊ တစ်လမ်းလုံး သူ့နဲ့ စကားတွေ အများကြီးပြောဖြစ်တယ်။ ဗဟုသုတတွေလဲ အများကြီးရခဲ့တာပေါ့။ ဘာသာတရားနဲ့ ပါတ်သတ်လို့လဲ သေသေခြာခြာ စာပေအထောက်အထားနဲ့ ပြောပြတတ်တယ်သေးတယ်။ အလုပ်မှာတင် ထူးချွန်ယုံမက ပြင်က ဗဟုသုတ နဲ့ပါ အများကြီးပည့်စုံတဲ့ မြန်မာ ပညာရှင်တစ်ယောက်ပါပဲဗျာ။


ဒီလိုနဲ့ ပထမဦးဆုံး ရွှေစည်းခုံ ဘုရားကို သွားတဲ့လမ်းမှာ သူက ဘုရားရဲ့ ရာဇ၀င် အကြဉ်းကို ရှင်းပြတယ်။ ဘုရားကိုလဲ ရောက်ရော ကြည်ညိုလွန်းလို့ မျက်ရည်တောင်လည်မိတယ်ဗျာ။ ရှေးမြန်မာတွေရဲ့ ကြီးကျယ် ခန်းနားမှုနဲ့ အသေးစိတ်လွန်းတဲ့ ဗိသုကာ လက်ရာတွေကိုလဲ အေးအေးဆေးဆေး လေ့လာဖြစ်တယ်။ ကျနော် အကြိုက်ဆုံးကတော့ ဘုရားပေါ်ကို တက်သွားတဲ့ လှေခါးကြီးကိုပါပဲ တကယ့် ရှုမညီးဖွယ်ဆိုတာ ဒါကို ပြောတာနေလိမ့်မယ်။ ကျနော် လှေခါးကို သေခြာစိုက်ကြည့်နေတာ ဘယ်လောက်ကြာသွားလဲ မသိဘူး ခြေထောက်တွေတောင် ကျင်လာတဲ့အထိပဲ။ စိတ်ထဲမှာလဲ အဲဒိလှေခါးကြီးပေါ်ကို အနော်ရထာမင်းကြီးက အဆောင်အယောင်တွေနဲ့ ကြွချီလာပြီး ဘယ်လိုမျိုးများ လာရှိခိုးလေမလဲလို့ စိတ်ကူးယဉ်ကြည့်မိနေသေးတယ်။ (ရုပ်ရှင်ထဲမှာ ဆိုရင်တော့ flash back လေးနဲ့ ပြချင်ပြမှာပေါ့ဗျာ.. ဟီးဟီး)

Tiny StatueStairwayShwezigon Pagoda

ဘုရားရဲ့ ထီးတော်ကိုသာ မြင်ရတယ်ဆိုတဲ့ ရေခွက်လောက်သာသာရှိတဲ့ ကျောက်ပြားပေါ်က ရေအိုင်လေးကိုလဲ ကြည့်ခဲ့တယ်။ ဘုရားရဲ့ ထီးတော်ကို ရေအိုင်လေးထဲကနေမြင်ရတာ က မှန်ရဲ့ သဘောတရားပါပဲ။ ကျနော်ထင်တာလေ။ တခြားနေရာတွေလဲ မြင်နေရတာပဲဟာကို။ နောက် နေရာရွှေ့ကြည့်ရင်း ကြည့်ရင်းနဲ့ နောက်ဆုံး နေရာမှန်သွားတော့မှ ဟော.. တွေ့လား ဘုရားထီးတော်ကို မြင်ရတယ်။ အင်း ... ဒီရေအိုင်လေးဟာ ဗိသုကာ လက်ရာသဘောနဲ့ ကြည့်မယ်ဆိုရင် ရှေးမြန်မာတွေ ဘုရားတည်တဲ့ အခါ လေးဖက်လေးတန်မှာ ဘုရားရဲ့ alignment ကိုချိန်ညှိဖို့ တိုင်တွေစိုက်လေ့ရှိတယ်တဲ့။ ခုတွေရတဲ့ ကျင်းနေရာက အဲဒိတိုင်တွေစိုက်ခဲ့တဲ့ နေရာလေးတွေပေါ့။ အဲလို မြေကျင်းမာမာလေးတွေကို ဘုရားတိုင်းလိုလိုမှာ တွေ့ရတတ်တယ်တဲ့။ ခုကျင်းကတော့ ဗဟိုနေရာပေါ့။ သူက မြေတိုင်းသဘော သဘာဝ တွေကို သေခြာရှင်းပြပါသေးတယ်။ ခုတော့ မမှတ်မိတော့ ဘူး။ သူပြောတာလဲ ဖြစ်နိုင်တယ်ဗျ နောက်နေ့ ပုဂံက ဘုရားတွေကို ရောက်တော့ သေသေခြာခြာ လိုက်ရှာကြည့်တာ တွေ့ရတယ်ဗျ။ အင်း မြန်မာတွေရဲ့ ပါးစပ်ရာဇ၀င်ကလဲ တယ်များတာကလား။ ဒီလို ပါးစပ်ရာဇ၀င်တွေကနေ တကယ်ပဲ ရှိသလိုလို သမိုင်းမှာပါ ရေးသားရတဲ့အထိ ဖြစ်လာတာတွေ အများကြီးရှိပါတယ်။ ( အဓိကကတော့ နတ်နဲ့ ပါတ်သတ်တာတွေပေါ့.. ကျနော်က သေခြာသိတာလဲ မဟုတ်တော့ ပြန်မရှင်းနိုင်မှာနဲ့ အတူ ပြောမနေတော့ပါဘူး ဟီးဟီး)


ဆက်ရန်... တူဘီကိုတင်ညွှန့်
ဒီနေရာမှာပဲ တိုးလို့တန်းလန်းလေး ရပ်ထားပါရစေဗျာ .. နက်ဖြန်ခရီးသွားဖို့ ပြင်ရဆင်ရဦးမှာမို့ပါ။ ခွင့်လွှတ်ကြပါနော်။ ပြန်လာမှ ကျိုက်ထီးရိုးခရီးစဉ်အကြောင်းလေး ပြောရင်းနဲ့ ဆက်ရေးပါဦးမယ်။

No comments: